အိပ်တဲ့အချိန်မှာ ဘာလို့ဟောက်တာလဲ
အိပ်နေချိန်မှာ သင့်ရဲ့ လည်ချောင်းမှာရှိတဲ့ ကြွက်သားတစ်ရှူးတွေပြေလျော့နေပါတယ်။ အိပ်နေစဉ် အသက်ရှူလိုက်တဲ့အချိန်တိုင်း လေဟာ ဒီတစ်ရှူးတွေကို ဖြတ်သန်းတိုးဝှေ့ပြီး တုန်ခါစေတဲ့အတွက် အသံဩဩကြမ်းကြမ်းတွေ ထွက်လာတာဖြစ်ပါတယ်။ လူတိုင်းလိုလို အခုမဟုတ်တောင် နောက်များမှာ ဟောက်တတ်တဲ့အကျင့် ရှိလာနိုင်ပါတယ်။ လူတစ်ချို့မှာတော့ ကာလကြာ ရင်ဆိုင်နေရတဲ့ ပြသာနာတစ်ရပ်လိုဖြစ်နေပါတယ်။
တစ်ခါတစ်ရံ စိုးရိမ်စရာ ကျန်းမာရေးပြသာနာ ဖြစ်နေနိုင်သလို မိမိနဲ့ အတူအိပ်ရတဲ့ မိသားစုဝင်တွေအတွက်လည်း အဆင်မပြေ၊ အိပ်ရေးပျက်တဲ့အထိ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့တာ၊ အိပ်ချိန်နဲ့ ကပ်ပြီး အရက်သောက်တာကို ရှောင်တာ စတဲ့ အပြောင်းအလဲပုံစံတွေ ကြိုးစားကြည့်ရင်း ဟောက်တာကိုရပ်အောင် ကြိုးစားသင့်ပါတယ်။
အရမ်းဟောက်တတ်ခြင်းဟာ Obstructive Sleep Apnoea (OSA)လို့ခေါ်တဲ့ အိပ်စက်ခြင်းပြသာနာနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဟောက်တဲ့လူတိုင်းဟာ OSA ရှိနေတယ်လို့ မဆိုလိုပါဘူး။ သို့ပေမဲ့ လက္ခဏာအချို့ပါတွဲရှိနေရင်တော့ OSA ရှိနေနိုင်ပါတယ်။
- အိပ်နေချိန်မှာ ကြားထဲမှာ အသက်ရှူရပ်သွားတဲ့အချိန်ရှိတယ်
- နေ့ပိုင်းတွေမှာ အရမ်းငိုက်မျဉ်းအိပ်ချင်နေတတ်တယ်
- အာရုံစူးစိုက်ဖို့ ခက်တယ်
- မနက်ပိုင်းတွေမှာ ခေါင်းကိုက်တတ်တယ်
- အိပ်ရာထချိန်မှာ လည်ချောင်းနာတယ်
- ညအိပ်မပျော်ဘူး၊ ညဘက်လန့်နိုးတယ်၊ အတွေးတွေများနေတယ်
- ညဘက်မှာ အသက်ရှူကြပ်သလို့ဖြစ်တယ်
- သွေးပေါင်ချိန်တက်တယ်
- ညဘက် ရင်ဘတ်အောင့်တယ်
- ဟောက်တာကျယ်လွန်းလို့ အတူအိပ်တဲ့သူဟာ မခံနိုင်ဘူး
ကလေးတွေဆိုရင် ကျောင်းမှာ ကိုယ်ပိုင်စွမ်းရည်တွေ ကျဆင်းနေတတ်တယ် စတဲ့ လက္ခဏာတွေ ရင်ဆိုင်နေရရင်တော့OSA လို့ယူဆရပါတယ်။
အကြောင်းအရင်းများ
၁။ ပါးစပ်ရဲ့တည်ဆောက်ပုံ
အာခေါင်က နိမ့်ပြီးထူတတ်တဲ့သူတွေမှာ လေလမ်းကြောင်း ကျဉ်းသလို ဖြစ်နေတတ်ပါတယ်။ ဝတဲ့သူတွေမှာဆိုလည်း လည်ချောင်းရဲ့နောက်ဘက်မှာ တစ်ရှူးအပိုတွေဖြစ်လာတတ်လို့ ကျဉ်းသယောင်ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ရှခင်(အာသီး)ရှည်သူတွေမှာလည်း လေဝင်လမ်းကြောင်းကျဉ်းနေတတ်လို့ တုန်ခါမှုတွေပိုဖြစ်ကာ ဟောက်တတ်ပါတယ်။
၂။ အရက်ကို အိပ်ရာဝင်ချိန်နဲ့ နီးကပ်ချိန်မှာ သောက်လေ့ရှိရင် ဟောက်တတ်ပါတယ်။ အကြောင်းကတော့ အရက်ဟာ လည်ချောင်းကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် ဖြစ်ပါတယ်။
၃။ နှာခေါင်းပေါက်နှစ်ပေါက်ကြားက အကန့် (nasal septum) ဟာ အနည်းငယ်တိမ်းနေရင်၊ ကောက်နေရင်လည်း ဟောက်တတ်ပါတယ်။
၄။ အိပ်ချိန်ကမောက်ကမဖြစ်ကာ အိပ်ရေးမဝရင်လည်း ဟောက်တတ်ပါတယ်။
၅။ အိပ်တဲ့ ခန္ဓာကိုယ်အနေအထား
ပတ်လက်အိပ်တတ်တဲ့သူတွေဟာ အနေအထားအရ ကမ္ဘာမြေကြီးဆွဲအား လည်ချောင်းပေါ်မှာ ပိုသက်ရောက်စေလို့ လေလမ်းကြောင်းကို ကျဉ်းသွားစေလို့ ကျောနဲ့အိပ်တတ်သူတွေဟာ ဟောက်နိုင်ပါတယ်။
ဖြစ်နိုင်ချေမြင့်တဲ့အချက်များ
- အမျိုးသားဖြစ်ရင်
- ကိုယ်အလေးချိန်များရင်
- မိသားစုမှာ OSA ရှိတဲ့သူပါရင်
- အသက်ရှူလမ်းကြောင်း၊ လေလမ်းကြောင်းကျဉ်းတဲ့ အခြေအနေတွေရှိရင်
- နှာခေါင်းရဲ့တည်ဆောက်ပုံ သွေဖယ်ရင်
- အရက်သောက်ရင် ဟောက်တတ်ပါတယ်။
ရောဂါရှာဖွေပုံ
- ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်
- Sleep study ( အိပ်နေချိန် အသက်ရှူတဲ့ပုံစံကို အသေးစိတ် အတွင်းကျကျလေ့လာခြင်း ဖြစ်ပါတယ်၊ Polysomnography လို့ခေါ်ပါတယ်။ sensor တွေတပ်ဆင်ထားကာ ဦးနှောက်ရဲ့ လှိုင်းများ၊သွေးတွင်း အောက်စီဂျင်ပမာဏ၊ သွေးခုန်နှုန်း၊ အသက်ရှူနှုန်း၊ အိပ်တဲ့အဆင့်တွေ၊ မျက်စိနဲ့ ခြေထောက်တွေရဲ့ လှုပ်ရှားမှုတွေကို တစ်ညလုံး စောင့်ကြည့်လေ့လာမှာ ဖြစ်ပါတယ်)
ကုသပုံနည်းလမ်းများ
- အရင်ဆုံး နေထိုင်မှုပုံစံ ပြောင်းလဲရပါမယ်။
- ဝိတ်လျှော့ရပါမယ်။
- အိပ်ချိန်နဲ့ ကပ်ပြီး အရက်သောက်တာကို ရှောင်ရပါမယ်။
- အိပ်တဲ့ ကိုယ်နေဟန်ထား ပြောင်းရပါမယ်။ (ဘေးစောင်းအိပ်ပါ)
- အိပ်ရေးဝအောင် အိပ်ရပါမယ်။
- နှာခေါင်းပိတ်တာကို ကုသရပါမယ်။
- ပါးစပ်မှာ မေးရိုး၊ လျှာနဲ့ အာခေါင်တို့ကို အနေအထား အဆင်ပြေသွားအောင် တပ်ဆင်ရတဲ့ကိရိယာလေးကို အိပ်တဲ့အချိန် တပ်ဆင်ကာ လေလမ်းကြောင်းပွင့်အောင် လုပ်ရပါမယ်။
အသက်ရှူစက်တပ်ဆင်ခြင်း (Continuous postive airway pressure )
အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ခွဲစိတ်ပြုပြင်ခြင်း
အထက်ဖော်ပြပါ အခြေအနေတွေနဲ့ ရင်ဆိုင်နေရရင် နား၊နှာခေါင်း၊ လည်ချောင်းအထူးကု၊ ရင်ခေါင်းအထူးကု၊ ဦးနှောက်နဲ့အာရုံကြောအထူးကုတို့နဲ့ ပြသဖို့ အကြံပြုပါတယ်။
ရေးသားသူ - Dr. May Myat Tun